အာရုံကြောတွေ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ကြစို့
အာရုံကြော စနစ်ဆိုတာက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ စနစ် တစ်ခုပါ။ အာရုံကြောစနစ်ကို Neurons လို့ခေါ်တဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီအာရုံကြောဆဲလ်တွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သတင်းအချက်အလက်တွေ ပေးပို့ပါတယ်။
အာရုံကြောစနစ်က အရေပြား၊ ဦးနှောက်၊ ဂလင်းတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေဆီကို အချက်ပြစနစ်တွေကို ပို့ဆောင်ပေးတဲ့ စနစ် တစ်ခုပါ။ ဒီအချက်ပြစနစ်တွေက ခြေလက်တွေကို လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးသလို အာရုံခံစားတတ်ဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဒီလို အရေးပါတဲ့ အာရုံကြောစနစ်တွေ ကျန်းမာစေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။
အမျိုးမျိုးသော အာရုံကြောဆဲလ်တွေက မတူညီတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပြီး အမျိုးမျိုးသော အချက်ပြမှုတွေကို ပေးပို့ပေးပါတယ်။
လေ့ကျင့်ခန်း လုပ်တာ၊ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက အာရုံကြောစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် တစ်နေ့တာကို ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးတာက ကြွက်သားတွေကိုတင် ကျန်းမာစေတာသန်စွမ်းစေတာ မဟုတ်ဘဲ အာရုံကြောတွေကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
အာရုံကြောတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ လေ့ကျင့်ခန်းတွေကတော့ -
- လမ်းလျှောက်တာ - လမ်းလျှောက်တာက သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို အာရုံကြောတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အာရုံကြောဆဲလ်တွေ ကျန်းမာစေဖို့ လမ်းလျှောက်ပေးတာက နည်းလမ်းကောင်းပါ။
- ပြေးတာ - ပြေးတာ အမောခံနိုင်စေသလို အာရုံကြောတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် အာရုံကြောလေးတွေ ကျန်းမာစေချင်တယ်ဆိုရင် တစ်နေ့ကို ၁၅ မိနစ်လောက် အနည်းဆုံး ပြေးပါ။
- ခပ်ရွရွ ပြေးတာ - ခပ်ရွရွလေး ပြေးတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး အာရုံကြောတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ခပ်ရွရွလေး ပြေးပေးတာကို တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ပြေးပေးပါ။
- ရေကူးတာ - ရေကူးတာက အကြောအခြင်တွေကို ပြေလျော့စေနိုင်သလို အာရုံကြောဆဲလ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာရုံကြောဆဲလ်တွေ ကျန်းမာစေဖို့ တစ်ပတ်တာကို ၃ကြိမ်လောက် ရေကူးပေးရင်ကို အဆင်ပြေပါတယ်။
- စက်ဘီးစီးတာ - စက်ဘီးစီးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် လေ့ကျင့်ခန်း တစ်မျိုးပါ။ တစ်နေ့တာမှာ စက်ဘီးစီး လေ့ကျင့်ခန်းကို သီးသန့် မလုပ်ချင်ရင်တောင် နီးနီးနားနား သွားစာ နေရာလေးတွေကို စက်ဘီးလေး စီးသွားတာမျိုး လုပ်ပေးလို့ ရပါတယ်။
လေ့ကျင့်ခန်း လုပ်ပေးတာက အာရုံကြောစနစ်ကို ကျန်းမာစေတဲ့အပြင်
- စိတ်အပန်းပြေစေတယ်
- ကောင်းကောင်း အိပ်ပျော်စေတယ်
- စိတ်ဖိစီးမှု ကင်းစေတယ်
- နှလုံး ကျန်းမာစေတယ်
- ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်
- ဦးနှောက်ရဲ့ လုပ်ဆောင်မှု ကောင်းမွန်စေတယ်
ဒါကြောင့် အာရုံကြောတွေ ပင်ပန်းနွမ်းနယ်မှုလျော့ပါးပြီး ဦးနှောက်လန်းဆန်းစေဖို့ လေ့ကျင့်ခန်းလေး သေချာလုပ်ပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။
မွန်မွန်